Spread the love

အနန္တော အနန္တငါးပါးအား ဦးထပ်ပန်ဆင်၍ ဤစာတမ်းအား ရေးသားတင်ပါသည်။

(၂၇-၄-၂၀၁၂)ရက်နေ့တွင် ဗောဓိ အေးငြိမ်းရိပ်သာသို့ တရားစခန်း ဝင်ရန် ရောက်ရှိခဲ့ပါသည်။ ရိပ်သာဝင်းအတွင်း သို့ဝင်လိုသည်နှင့် အရိပ်အာဝါသကောင်းမွန်မှု၊ ပတ်ဝန်းကျင် တိတ်ဆိတ် ငြိမ်သက် မှုတို့ကြောင့် တရားမထိုင်မီ (တရားကျင့်ကြံအားမထုတ်မီ) ကပင် အေးချမ်းမှုကို ခံ စားရပါသည်။ နေရာထိုင်ခင်းမှာ လည်း ယောဂီ တစ်ဦးကို အဆောင်တစ်ဆောင်နေထိုင်ရကာ စိတ်တိုင်းကျတရား အားထုတ်ခွင့်ရခဲ့ပါသည်။ ရိပ်သာတွင် မည်သည့်စည်းကမ်းမှ တင်းကျပ်စွာ သတ်မှတ်ထားခြင်း မရှိ ဘဲ ယောဂီများတစ်ဦးနှင့် တစ်ဦး စကားမပြောရန်နှင့် ဣရိယာပုထ် လေးပါးလုံးတွင် တရား နှလုံးသွင်းရန်သည်သာ ဤတရားစခန်း၏ အဓိကစည်းကမ်းဖြစ် သည်။ ဗောဓိအေးငြိမ်းရိပ်သာသည် “အာဝါ၊ ဂေါစရ၊ ပုဂ္ဂလနှင့် နှုတ်ဟစကား၊ သင့်အစားကို ဥတုယာ ပထ သင့်လျော်လျောက် ပတ်သပ္ပါယ ’’ဆိုသည့်အတိုင်း သပ္ပါယ (၇)ပါးနှင့် ပြည့်စုံ သော ကြောင့် တရားအားထုတ်ရသည်မှာအဆင်ပြေလှသည်။

ဗောဓိအေးငြိမ်းရိပ်သာ၌ မောင်းထောင်မြေဇင်း တောရ ဆရာ တော်ဘုရားကြီး၏ ကန္နီနည်း ဥပနိဿျ သမထ-ဝိပဿနာ ရှုမှတ် နည်းကို သာသနဓဇ ဓမ္မာစရိယ၊ ကမ္မဌာနာစရိယ ဆရာတော် ဦးကေလာသ၏ အဆုံးအမ တရားပြုမှုအောက်တွင် ရှုမှတ်ပွား များကြရသည်။

(၂၈-၄-၂၀၁၂)ရက်နေ့တွင် တရား စခန်းစတင် ရာ ဆရာတော် သီလပေးပြီးနောက် (ဘုရားရှင် အား ဦးချရာ တွင် ထိခြင်းငါးပါး ပြည့်စုံစွာဖြင့် ဦးချရန် လက်တွေ့သင်ပြ ပေးကာ ဘုရားရှင်အား ဝမ်းမြောက်စွာ တစ်ကြိမ်ဦးချရုံဖြင့် ကမ္ဘာတစ်သိန်းအပါယ်မလား နိုင်ကြောင်း ဟောပြ ဆုံးမပါ သည်။ ထို့နောက် ဦးစွာပထမ) ဗုဒ္ဓါနုဿတိ (အရဟံ ဂုဏ်တော်) အားပွားများခိုင်းပါ သည်။ ဗုဒ္ဓ၏ ဂုဏ်တော်ကို ပွားများရခြင်းကြောင့်မြတ်စွာဘုရားရှင်အ ပေါ်၌ ဘာသာ သာသနာ အပေါ်၌ ယုံကြည်မှု သဒ္ဓါတရားများ တိုးပွားလာ ပါသည်။

(၂၉-၄-၂၀၁၂)ရက်နေ့တွင် မေတ္တာ ဘာဝနာပွား များရသည်။ မေတ္တာပို့ရာတွင်

– လိင်မတူရာ၊ သေသူမှာ မေတ္တာမပွားလင့်။
– မုန်းထားသသူ၊ လွန်ချစ်သူနှင့် လယ်လူတဖြာ ရန်သူမှာ မေတ္တာမစလင့်။
– မိမိစယူ၊ ချစ်သူနောက်ဆို၊ ပို၍ ချစ်သူ၊ ကိုယ့်ရန်သူ ပွားမူစဉ်တိုင်းသင့်။ ဟူ၍မေတ္တာလုံးဝမပို့ရသူ၊ မေတ္တာစ၍မပို့ရသူနှင့် မိမိကိုယ် ကိုစ၍ မေတ္တာပို့ရမည်ဆိုသည်များကို သိရှိ မှတ်သားခဲ့ရ ပါသည်။ မေတ္တာပို့ရာတွင်လည်း မိမိချမ်းသာချင်၊ အေးချမ်း ချင်သကဲ့သို့ ကိုယ် ချင်းစာစိတ်ဖြင့် ပို့လျှင် မိမိပို့သသော မေတ္တာအား ပို၍ ရရှိ ခံစားကာ မိမိကိုယ်တိုင် လည်း စိတ် အေးချမ်းသော အကျိုးကို လက်တွေ့ခံစားရပါသည်။

(၃ဝ-၄-၂၀၁၂)ရက်နေ့တွင် မရဏာ နုဿတိ (သေခြင်းတရား) ပွားများရပါသည်။ ပွားများပုံမှာ “ငါလဲပဲ သေရအုံးမှာပါတကား”ဟု နှလုံးသွင်းဆင်ခြင်းကာ ရှုမှတ်ရ ၏။ ဤကဲ့သို့ရှုမှတ် နေရင်း ဖြင့် မိမိတို့ မေ့နေသော အဝေး ကြီးလိုသေးသည်ဟုထင်နေသော၊ မြဲသော၊ သေချာသော သေခြင်း တရားသည် မိမိတို့၏ လက်တစ်ကမ်းတွင် ရှိနေ သည်ကို သတိထားမိလာပါသည်။ အသေတတ် အောင်၊ အသေမြတ်အောင် သေနည်းသင်တန်းလာ၍ တက်ရောက် ရာတွင် ကြိုးစားမှ တော်ကာ ကျလိမ့်မည်ဟု တွန်းအားများ လဲဖြစ်ပေါ်လာပါသည်။

(၁-၅-၂၀၁၂)ရက်နေ့တွင် အာနာပါန ကမ္မဌာန်း အား “သတိမြဲရာ ပထမာ၊ ဒုမှာရှည်တိုသိ၊ လုံးစုံ လင်းရာ တ၌သာ၊ စမှာငြိမ်းစေဘိ”ဟူသော ဆောင်ပုဒ်နှင့်အညီ ရှုမှတ်ပွားများရပါသည်။ ပထမ နည်းဖြစ်သည့် သတိမြဲစေ ရန် မိမိ၏စိတ်ကို နှာသီးဖျားတွင် ထားကာ ဝင်လေထွက်လေ ကို ဂဏနာနည်းဖြင့် မှတ်ရပါသည်။ မိမိတို့နှာသီးတွင် ရှုရှိုက် လိုက်သည့် လေကလေးထွက်ဝင်တိုင်း ထိ-တိုင်း သိ၍ သတိမြဲလာလျှင် သမာဓိများတည်လာကာ အလင်းနိမိတ်များရရှိလာပါသည်။

ခိုင်မြဲသော ပဋိဘာဂနိမိတ်များရရှိ လာလျှင် ဒုတိယနည်းသို့ ဆရာတော်မှကူးပြောင်းပေးပါသည်။ ဒုတိယနည်းတွင် အရေးအကြီးဆုံးမှာ ယုံကြည် ဖြစ်ပါသည်။ မိမိတို့ရရှိထားသော အလင်းနိမိတ် ကို အသုံးပြုကာ ဘုရားများဖူးရပါသည်။ စိတ်ရောက်လျှင်နိမိတ် ရောက်ပါသည်။ မိမိတွင်နိမိတ် လည်းရှိ၍ သံသယများ၊ စိုးရိမ်စိတ်များ မထားပဲ ယုံကြည်ချက်ရှိပါက ယောဂီတိုင်းဘုရားဖူးရပါ သည်။

ဘုရားများဖူးရာတွင် ရိပ်သာအတွင်းရှိ ငမိုးရိပ် စေတီမှစ၍ မြန်မာပြည်အနှံ့ တန်ခိုးကြီး ဘုရား များအား မိမိ အခန်းတွင်းမှပင် စိတ်ကလေး ညွှတ်ရုံ မျှဖြင့် လူကိုယ်တိုင် ရောက်ရှိ ဖူးမြော် ရ သကဲ့သို့ ပိုက်ဆံမကုန်၊ လူမပင်ပန်းပဲ ဘုရားဖူးရခြင်း ဖြစ်ပါသည်။ လူတို့၏ သာမာန်မျက်စိဖြင့် ဖူးရန်မလွယ်သည့် အရာများအား ဓမ္မစက္ခုဖြင့် ဖူးမြင်ခဲ့ ရသည်။ မိမိ၏ ဘုရားဖူးအတွေ့အကြုံ ကိုတင်ပြလိုပါသည်။

ကျိုက်ထီးရိုးဘုရားတွင် ဌာပနာဖြစ်သည့် ဘုရားရှင်၏ ဆံတော်ဖူးရန် စိတ်ညွှတ်လိုက်ရာ မိမိအား ကျောက်တုံးကြီး ထဲသို့ ဆွဲခေါ်သွားသလိုခံစားရကာ ကျောက်တုံးကြီး အလယ်၌ တည်နေသည့် ဆံတော်ကို ကြည်ညိုဖွယ် ဖူးမြင်ခဲ့ ရပါသည်။ အင်းလေး ဖောင်တော်ဦး ဘုရားများ ကိုလည်း ယခုလက်ရှိ ရုပ်ပွားတော်များအပြင် ယခင်ရွှေမချခင်က မျက်နှာတော်များကိုပါ ဖူးမြင်ရသည်။ ဘုရားဖူးပြီးနောက် အမျှပေးဝေရာတွင် နတ်မင်းတစ်ပါးပေါ်လာကာ သာဓု ခေါ်ပြီးချိန်တွင် ၎င်း၏ ကိုယ်ရောင်ကိုယ်ဝါမှာ ပိုမိုထွန်းလင်း တောက်ပသွားပါသည်။ မိမိတရားအလုပ်ကျင့်ကြံ ပွားများရ သည့် ကုသိုလ်ကောင်းမှုသည် မိမိကိုယ်တိုင်သာမက တစ်ပါးသူပါ လက်တွေ့ချမ်းသာ ရာရကြောင်းကို မျက်မြင် ကိုယ်တွေ့သိခဲ့ရပါသည်။

မုံရွာရှိ အလောင်းတော်ကဿပ အား ဖူးမြော်ရာတွင်လည်း သလွန်ညောင်စောင်းပေါ်တွင် ညာဘက်သို့ စောင်း၍ လျောင်းနေသော အရှင်မြတ်အား၊ ကပ်ဖူးမြော်ခဲ့ရသဖြင့် ကြည်နူးဝမ်း သာမိပါသည်။ ဓမ္မစက္ခု၏အစွမ်းပင် ဖြစ်ပါသည်။

အန္ဒိယ နိုင်ငံရှိ မြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံရာနေရာ ဌာနများသို့ ဖူးမြော်ရာတွင် ယခု လက်ရှိ ဗုဒ္ဓဂါယာ အပြင် ဘုရားလက်ထက်တော်အတိုင်း ဖူးမြင်ရပါသည်။ ဘုရားလက်ထက်တွင် မိမိမှာ ဘယ်ဘဝရောက်နေ ပါလဲဟု တရားထိုင်ရင်းဖြင့် စိတ်ညွှတ်မိရာ အိမ်ထောင်ဦးစီး သူဆင်း ရဲ ယောက်ျားတစ်ယောက်ဖြစ်နေပါသည်။ မြတ်စွာဘုရားတရားဟောစဉ် အနောက်နား တစ်နေ ရာ၌ တရားနာနေသော်လည်း တရားတော်အား စိတ်မဝင်စားပေ။ လူတိုင်း ပါးစပ်ဖျား၌ အပြော များပြီး လေးစားကြည်ညိုဝပ်တွားကြသဖြင့် ဘာများထူခြားသလဲဟု သိချင်စိတ်ဖြင့်သာ လာ ရောက် ထိုင်နေခြင်းဖြစ်သည်။ အိမ်ပြန်ရောက်သော် ဇနီးသည်အား ထွေထွေထူးထူးလည်း ဘာမှ
မဟုတ်ပါဘူးဟု ပြောကာ တရားမလုပ်မဖြစ်ခဲ့ပေ။

မြတ်စွာ ဘုရားနှင့်လည်း တွေ့ဆုံခဲ့ပါလျှက် လူယောက်ျားလည်း ဖြစ်ပါလျှက်ဖြင့် ယခုအချိန်တွင် သံသရာရှည်နေရသည်ကို ယူကျုံးမရဖြစ်မိပါသည်။ မိတ်ဆွေကောင်းမရှိခဲ့သည် ကိုလည်း ရင်နာမိပါသည်။

(၁၇-၅-၂၀၁၂)ရက်နေ့တွင် သီဟိုဠ် (သီရိလင်္ကာ နိုင်ငံ)ရှိ မဟာစေတီ၊ ထူပါရုံ စေတီနှင့် ဌာပနာ ထားသော ဓာတ်တော်၊ ညှပ်ရိုးတော်နှင့် စွယ်တော်များအား ဖူးမြင်ရ ပါသည်။ လူပြည်၌ ဘုရား များအား ရအောင်ဖူးပြီးသော် နတ်ပြည်(တာဝတိံသာ)ရှိ စူဠာမဏိစေတီနှင့် ဌာပနာများ ဖြစ်သော ဆံတော်နှင့်စွယ်တော်များကို ဖူးမြော်ရပါသည်။ ပင်လယ်ကသစ်ပင်နှင့် ပဏ္ဍုကမ္ဗလာမြကျောက် ဖျာတို့အား လည်းဖူးတွေ့ရပါသည်။

(၂၀-၅-၂၀၁၂)ရက်နေ့တွင် သုဓမ္မာ ဇရပ်သို့ သွားရောက်ကာ ဇရပ်မှာအလွန်ကြီးမားကျယ်ပြန့် လှပါသည်။ တရားဟောပလ္လင်ပေါ်တွင် အင်္ကျီ အဖြူရောင် (ငွေရောင်)ဝတ်ဆင်ထားသော ဗြဟ္မာ ကြီးတစ်ဦးက တရား ဟောနေကာ နတ်သား၊ နတ်သမီးများက တရားနာကြပါ သည်။ ရှေ့ဆုံးမှ နတ်သား များမှာ ကိုယ်ရောင် ကိုယ်ဝါများ အတောက်ပဆုံး ဖြစ်၍ နောက်သို့ တစ်ဖြည်းဖြည်း အရောင် များမှိန်သွားပါသည်။ နောက်နေ့တရားလျှောက်သောအခါ ဥပုသ်နေ့များတွင် သုဓမ္မ ဇရပ်၌ ဓမ္မကထိကနတ်သားများ တရားဟောပြောလေ့ရှိကာ မိမိသည်တရားပွဲကျင်းပနေစဉ်
ရောက်သွားခြင်း ဖြစ်ကြောင်းသိရ၍ ဝမ်းသာပီတိဖြစ်မိပါ သည်။

ထို့နောက်ဗြဟ္မာဘုံရှိ ဒုဿစေတီနှင့် အတွင်းဌာပနာဖြစ်သည့် ဝတ်လဲတော်အားဖူးမြော်ရပါသည်။
တတိယ နည်းတွင် အလင်းနိမိတ်အား ခန္ဓာ ကိုယ်တွင်းသို့ သွင်းကာ အထက်အောက် ခိုင်းစေပြီး နဂါးပြည် ရှိဗုဒ္ဓ စွယ်တော်အား သွားရောက်ဖူးမြော်ရပါသည်။ နဂါးမင်းကြီး၏ ဗိမာန်ကိုလည်း တွေ့ခဲ့ရပြီး စွယ်တော်မှာ အောက်စွယ်တော် ဖြစ်သည်ဟု သိခဲ့ရပါသည်။

ငရဲပြည် သို့လည်း သွားရောက်ခဲ့ပါသည်။ ငရဲသား တစ်ဦးသည် ဆူးများပြည့်နေသော နံရံပေါ် သို့တက်နေပြီး ၄င်းအပေါ်ရောက်လေ နံရံမှာ မြင့်သွားလေဖြစ်နေသဖြင့် ပြန်ခုန်ချရန် အောက်သို့ ကြည့်သော အခါ ငရဲထိန်းက လှံချွန်နှင့် စောင့်နေသဖြင့် သွေးသံ ရဲရဲဖြင့် ဆက်တက်နေ သည်မှာ ဆင်းရဲလှပါသည်။ ၎င်းမှာ သူတစ်ပါးအား အနိုင် ကျင့်ခဲ့သူ ကြီးနိုင်ငယ်ညှင်းလုပ်ခဲ့သူဟု သိခဲ့ရ ပါသည်။ တစ်ခြား ငရဲခံနေရသူ များစွာကိုလည်း တွေ့ခဲ့ရ ပါသည်။ မိမိက အမျှပေးသော အခါ အများစုမှ ၎င်းတို့ဒုက္ခခံနေရသည် ကိုသာ အာရုံစိုက်နေ၍ သာဓုမခေါ်နိုင်ကြပါ။ ငရဲ၏ ဒုက္ခကို မျက်ဝါးထင်ထင်မြင်ရသဖြင့် ကြောက်မိကာ သံဝေဂလည်း ရမိပါသည်။

(၂၄-၅-၂၀၁၂)ရက်နေ့တွင် ပါးထွက်နားထွက် သင်ခန်းစာနှင့် လှီးစား ၊ ဖြတ်စား သင်ခန်းစာကို ပြုလုပ်ရ ပါသည်။ ဤသင်ခန်းစာတွင် မိမိတို့ ခန္ဓာကိုယ်တွင်း၌ရှိသော ရောဂါများ သက်သာ ပျောက်ကင်းကြပါသည်။

စတုတ္ထနည်းမှာ ငြိမ်းစေမည်ဖြစ်ပါသည်။ အလင်း နိမိတ်အား မိမိရှေ့တစ်တောင်သို့ပို့ကာ နှာသီး ဝသို့ပြန်ယူရ ပါသည်။ ငြိမ်းစေမည်ဆိုသည့်အတိုင်း နိမိတ်ကလေးသည် တစ်ဖြည်းဖြည်း ငြိမ်း သွားကာ အေးချမ်းလှပါသည်။

(၂၅-၅-၂၀၁၂)ရက်နေ့တွင် ဝိပဿနာသို့ ကူးပြောင်းခဲ့ပါသည်။ ဝိပဿနာရှုသောအခါ ရင်ချိုင့် ဟဒယကို စိတ်စိုက်ကာ ရှုမှတ်ရပါသည်။ ရက်(၃၀) ခန့် ထူထောင်ခဲ့သော သမာဓိကြောင့် ခန္ဓာ ကိုယ်အတွင်း၌ ဖြစ်ပြီးပျက်နေသည်များကို မျက်ဝါး ထင်ထင်ရှုမြင်ရပါ သည်။ ရင်ချိုင့်၌ စိတ် စိုက်၍ ရှုပွားစဉ်တွင် ဦးနှောက်ရှိ သွေးကြောများစီးဆင်းနေပုံ၊ မိမိ၏အဆုတ်သည် တစ်ဖြည်း ဖြည်းပဲ့ကြွေကျကာ နောက်ဆုံးလုံးဝမရှိတော့ပုံ၊ မိမိခန္ဓာ ကိုယ်သည် လေပူဖောင်းကဲ့သို့ ဖောင်း လာပြီးနောက် လေလျှော့လိုက်သကဲ့သို့ ပိန်ကျုံ့သွားပုံများကို ရှုမြင်ရပါသည်။

ခန္ဓာကိုယ်အတွင်းရှိ ကလီစာများကို သေချာစွာမြင်ရကာ တစ်ခုစီပြုတ်ကျကုန်ပြီး ချော်ရည်များ စီးဆင်းနေသကဲ့သို့ ဖြစ်ကာ နောက်ဆုံးတွင် အမှုန့်ကလေးများ ဖြစ်သွားပါ သည်။ ဝေဒနာကို မှတ်ရာတွင်လည်း ခြေထောက်ကျင်၍ ခြေထောက်သို့စိတ်ရောက်သည်နှင့် ခန္ဓာကိုယ်အောက်ပိုင်း သည် အရိုးစုဖြစ်နေသည်ကိုသာ မြင်ရပြီး အမှုန့်များ ဖြစ်သွားသည့်အထိ ပဲ့ကြွေကုန်ပါသည်။

မျက်လုံးအောင့်သဖြင့် ရှုမှတ်ရာ မျက်လုံးကြီးများ ပြူးထွက်ပြုတ်ကျပျက်စီးကာ ဦးခေါင်းမှာ လည်း အရိုးခေါင်းကြီး ဖြစ်နေပြီးပျက်စီးသွားပါ သည်။ ခြေမျက်စိကိုက်၍ရှုမှတ်ရာ ခြေမျက်စိ ထဲ၌ ပိုးကောင် ကလေးများသွားနေသည်ကို မြင်ရကာ ၄င်းတို့၏ ခန္ဓာကိုယ် မှထွက်သောအရည် လေးများ အရိုးထဲဝင်သောကြောင့် ကိုက်ခြင်းဖြစ်သည်ကို စ-လယ်-ဆုံး ရှုမြင်ရပါသည်။ ခြေဆစ် ကိုက်သဖြင့် ခံရသည့်ဒုက္ခ ၄င်းတို့လှုပ်ရှားနေမှုကို ရပ်တန့်စေချင်ပေမဲ့ ကိုယ့်အလိုကို မလိုက်သည့် အနတ္တ သဘောကို တွေ့ရှိရပါသည်။ ခန္ဓာကြီးရရှိနေမှုကို ရွံ့မုန်းမိ ပါသည်။

အသံကို ရှုမှတ်ရာတွင် အသံဆီသို့ နားစိုက် ထောင်ရခြင်းမျိုးမဟုတ်ဘဲ နားစည်တွင် အသံလှိုင်း လာ ရောက် ရိုက်ခတ်ခြင်းဖြစ်ပြီး စထွက်သည့်အသံ၊ လေထဲ ပျံ့လွင့်သည့်အသံ အသံ၏တုန်ခါ နေမှု အားလုံးကို အသေး စိတ်ရှုမှတ်နိုင်ခဲ့ပါသည်။

ရင်ချိုင့်ကလေးလှုပ်နေသည်ကို သိသည့် စိတ်ကို ရှုမှတ်ရာ ထိုစိတ်သည် တည်မနေပဲအစဉ်သဖြင့် ပျက်နေပြီး၊ တစ်ခုပျက်တိုင်း နောက်ထပ်စိတ် တစ်ခုက လိုက်၍ သိ-သိ ပေးနေခြင်းဖြစ်သည်။ ရှေ့စိတ်သွားရာသို့ နောက်စိတ် ကထပ်ကြပ်မကွာ လိုက်မှတ်ဖြစ်နေရာ စိတ်၏ဖြစ်ပျက်မြန် ဆန်ပုံ ကိုလည်း ရှုမှတ်မိပါသည်။

ရှုမှတ်နေရင်းဖြင့် လှိုင်းဂယက်ကလေးများ ထနေသကဲ့သိုလည်းကောင်း၊ ဝါးလုံးကဲသို့ အရာဝတ္ထုု ထုတစ်ခု အစိတ်စိတ် အမွှာမွှာကွဲသွားသည်ကို လည်းကောင်း၊ အထပ်များ တရိပ်ရိပ်ပြို ကျနေ သည်ကိုလည်းကောင်း တွေ့ရပါ သည်။ ရေတံခွန်မှ ရေများ စီးကျနေရာမှ ရေမှုန်ကလေးများ အဖြစ် တဖွဲဖွဲကျနေပုံ အုတ်နံရံတစ်ခုသည် အကောင်း ပကတိမှ အုတ်မှုန့်ကလေးများအဖြစ် ပြိုကျပြီး၊ ငွေမှုန် ကလေးများအဖြစ် စုပုံနေသည်များကို တွေ့ရပါသည်။

နောက်ပိုင်းတွင် တရိပ်ရိပ်ဖြင့် ပျက်စီးနေသည့် အပျက်များ ကို ရှုမြင် ရပြီး ခန္ဓာကိုယ်ကြီး အား ပျင်းရိငြီးငွေ့လာပြီး မလို ချင်တော့ပဲ မုန်းတီးစိတ်များဖြစ်ကာ လွတ်မြောက်ချင်လှ ပါသည်။
ဆက်လက်ရှုမှတ်ရာ ဝေဒနာများလည်း မတွေ့ရ တော့ဘဲ ဟင်းလင်းပြင်ကြီးတွင် မှတ်စိတ် ကလေးတစ်ခု ကိုသာ သိကာပွားများနေရသည်မှာ အလွန်တရာအေးချမ်း လှပါသည်။ တစ်ချို့ အချိန်များတွင် ပတ်ဝန်းကျင်ရှိသည်ကို ပင် မသိတော့ဘဲ တရားထိုင်နေရသည်မှာ ငြိမ်းအေးလှ ပါသည်။ လောကီတွင်ရရှိနေသော မည်သည့်အေးချမ်းမှုနှင့် မျှမတူသော ဖော်မပြနိုင်လောက် သည့် ငြိမ်းအေး မှုဖြစ်သည်။ လူ့ဘဝရောက်ခိုက် သာသနာနှင့်လည်း ကြုံခိုက် ဤတရားနှင့်လည်း တွေ့ခိုက် အချိန်တွင် ဘာနှင့်မျှ မလဲနိုင်သည့် ဤငြိမ်းချမ်းမှုအရသာကို တစ်ခါတစ်ခေါက် လောက်တော့ ခံစားကြည့်ကြစေချင်ပါသည်။

မောင်းထောင်မြေဇင်းတောရဆရာတော် ဘုရားကြီး၏- “မောသံ ကာလံ န ခေပယေ – အချည်း အနှီး အချိန်မကုန်ကြစေနှင့် –

မာဝေါ ခဏံ ဝိရာတေ – အခွင့်ကောင်းတွေ လက်လွတ်မဆုံးရှုံးကြစေနှင့်”ဟူသော သတိပေး စကားကို ထပ်မံလက်ဆင့်ကမ်းလိုက်ရပါသည်။ တရားရေအေးကို သောက်သုံးခြင်းဖြင့် အမော များပြေကာ ဘဝနေဝင်ချိန်ကို ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်ကြပါစေ။

ကျေးဇူးတော်ရှင် ဆရာတော် ဦးကေလာသနှင့်တကွ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူး တင်လျှက်-

မမေသက်နွယ်
Seik Gyi Khanaung To
0950*****
maythet******@gmail.com

By waiyan

Leave a Reply

Your email address will not be published.