Spread the love

၃၁-၅-၂၀၁၄ တပည့်တော်တို့ အား တရားထူးပြသ ပေးသော ဆရာတော် အရှင်ကေလာသ နှင့် အရှင်ပညာဒီပတို့အား ဦးစွာရှိခိုး ကန်တော့လိုက်ရပါသည်။

တပည့်တော်တရားစခန်း ရောက်ခဲ့တဲ့ အကြောင်းကတော့ မွေးနေ့ကိုအကြောင်းပြုပြီး ရောက် လာတာပါ။ မွေးနေ့ရောက်လျှင် တရားဘာဝနာ ပွားများခြင်းဖြင့်သာ အချိန်ကုန်စေရမည်လို့ ဆုံးဖြတ် ချက်ချပြီး တရားအားထုတ်လာခဲ့တာ (၆)နှစ်ရှိပါပြီ။ ဒီနှစ်တော့ အစ်ကို အစ်မလို ခင်မင်ရပါသော ဗိုလ်မှူးကြီးတင်ရှိန်(ငြိမ်း)၊ ဇနီးဒေါ်အေးမွန်ရှိန်တို့၏ တရားစခန်းအတွေ့ အကြုံများ နားထောင်ရင်း သမထ ဝိပဿနာကို စိတ်ဝင်စား၍ အပြည်ပြည်ဆိုင်ရာ ဗောဓိ အေးငြိမ်းရိပ်သာကို ရောက်လာခဲ့ရခြင်းဖြစ်ပါတယ်။ တပည့်တော် တရားအားထုတ်စဉ် တွေ့ကြုံခဲ့ရသော အတွေ့အကြုံလေးများနှင့် သံဝေဂကို အနည်းတင်ပြလိုပါတယ်။

ဝင်သည် ၁၊ ထွက်သည် ၂၊ ဝင်သည် ၃ စသည်ဖြင့် ဝါရေ ဝါမှတ်ပြုလုပ် သမာဓိထူထောင်စဉ် မှာဘဲ စိတ်၏ထိန်းရခက်လှပုံ၊ ထိန်းထားရင်းဖြင့် သိမ်မွေ့ စွာလွတ်ထွက်သွားပုံကို သိခွင့်ရခဲ့ ပါတယ်။ စိတ်၏ အစွမ်းသတ္တိများကို မယုံနိုင်အောင် လက်တွေ့ကြုံခဲ့ရ ပါတယ်။

ဘုရားဖူးတဲ့ သင်ခန်းစာမှာလည်း အံ့ဩဖွယ်ရာ ကြုံရပါတယ်။ ကျောင်းထဲမှာရှိတဲ့ နဂါးရုံ ဘုရားသည် အမျိုးသား ယောဂီများနေတဲ့ဘက်မှာမို့ တပည့်တော်တို့ အမျိုးသမီးယောဂီ များကြိုတင်မရောက်ဖူးပါဘူး။ ဒါပေမဲ့ တနေ့တာဆွမ်းလှူလို့ နဂါးရုံဘုရားဆီကို ဆွမ်းကပ် တို့သွားတဲ့အခါ နိမိတ်ဖြင့် ဖူးတွေ့ရပြီးသော နဂါးရုံဘုရားနှင့် လက်တွေ ဖူးတွေ့ရသော နဂါးရုံ ဘုရားဟာ ထပ်တူညီနေလို့များစွာဝမ်းသာရပါတယ်။ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်၊ နဂါးပြည် တွေကို ဒီဘဝမှာဘဲ ဓမ္မစက္ခုအစွမ်းဖြင့်ရောက်အောင် သွားနိုင်ခဲ့ပါတယ်။

တာဝတိံသာက စူဠာမဏိစေတီကို ဖူးပြီး ပင်လယ်ကသစ်ပင်နှင့် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာကို ဖူးရတဲ့နေ့မှာ ဆရာတော် ကပြောပါတယ်။ “ကံကောင်းသူများ မြတ်စွာဘုရား နတ်ဗြဟ္မာတွေကို တရား ဟောကြားတာကိုဖူးလို့ရနိုင်တယ်” လို့ပြောတာကြောင့် ဖူးဘို့ အာရုံပြု ပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ဖူးလို့မရနိုင်ဘဲ တစ်ချိန်သာ ကုန်သွားပါတယ်။ စိတ်ပျက်နေချိန်မှာ သစ္စာဆိုပြီး အာရုံပြုကြည့်ဘို့ အကြံရလာပါတယ်။ နောက်တစ်ချိန် တရားစမှတ်ချိန်မှာ “တပည့် တော်မသည် လူ့ဘဝရောက်ချိန်မှစ၍ယခုချိန်ထိအောင်ကာမေသု မိစ္ဆာကံကို လုံခြုံစွာ ထိန်းခဲ့ ပါသည်။ ဤမှန်ကန်သော သစ္စာစကားကြောင့် နတ်ဗြဟ္မာများကို တရားဟော နေသော မြတ်စွာ ဘုရားအား ဖူးတွေ့ရပါစေသား”လို့ သစ္စာပြုဆုတောင်းလိုက်သည့်အခါ သက်ရှိထင်ရှား မြတ်စွာ ဘုရား တရားဟောနေတဲ့ နေရာကို ရောက် ရှိဖူးမြင်ရပါတယ်။ မြတ်စွာဘုရား၏ မျက်လုံး တော်မှ နတ်လူသတ္တဝါအားလုံးကို ကြင်နာသနားတဲ့ ကရုဏာ တော်ကြီးမားလှသည့် အကြည့်တော်ကို အသည်းခိုက်လှစွာ ဖူးတွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် တပည့်တော်၏ ဆုတောင်းပြည့်ဝ ခဲ့ရပါတယ်။

မြတ်စွာဘုရား၏အေးချမ်းတဲ့မေတ္တာရိပ်မှာ ခိုလှုံချင်လာပါတယ်။ လောကဓံ(၈)ပါး၏ ရိုက်ချက်
ကြောင့် အမြဲတမ်း “ဘဝတိုတိုနှင့် နိဗ္ဗာန်ဝင်ရပါလို၏ ဆုတောင်းလာခဲ့သည့်အစား “နောင်ပွင့်မည့် အရိမေတ္တယျ မြတ်စွာဘုရားထံတွင် ဧဟိဘိက္ခု အခေါ်ခံ၍ ရဟန္တ အဖြစ် နိဗ္ဗာန်ဝင်ရပါလို ၏”ဟုလဲဆုတောင်းဖြစ်ခဲ့ပါတယ်။

မြတ်စွာဘုရား နတ်၊ ဗြဟ္မာများကို တရားဟောခဲ့တာ လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်က ကိစ္စပါ။ ဓာတုပရိနိဗ္ဗာန်မစံသေးသော ဒီနေ့ ဒီအချိန်မှာ ဓမ္မစက္ခုအစွမ်းဖြင့် ဖူးတွေ့ခွင့် ရနိုင်ခဲ့တဲ့ အတွက် မိတ်ဆွေများကို အသိပေးချင်တာက အင်တာနက်လိုင်းမလို ကွန်ပျူတာမလိုဘဲ သမထတည်းဟူသော စွမ်းအင်ဖြင့် တွေ့မြင်နိုင်ပါတယ်။ ဖူးတွေ့နိုင်ပါတယ်။ လေယာဉ်ပျံ၊ ဒုံးပျံတွေ မလိုဘဲ နတ်ပြည်၊ ဗြဟ္မာပြည်၊ နဂါးပြည်။ ငရဲပြည်ထိ လေ့လာနိုင်ပါတယ်။ ဘဝအ ဆက်ဆက်ကို ကြည့်ပြီး သံဝေဂယူလို့ရတယ်။ မိမိကျန်းမာရေးအတွက် ပိုက်ဆံမကုန်ဘဲ ဆေးကုနိုင်တယ်။

ဝိပဿနာပိုင်းရောက်တော့ သမထကို ပိုင်ပိုင် နိုင်နိုင် အားထုတ်ခဲ့ခြင်းအားဖြင့် သမာဓိအား ကောင်းသောကြောင့် ခန္ဓာ၏ ဖြစ်ပျက်ကိုရှင်းလင်းစွာ သိနိုင်ပါတယ်။ စင်္ကြန်လျှောက်လို့မှတ်ရတဲ့ ကြွလှမ်းချအမှတ်သည် ယခင်က မှတ်ရသည်နှင့်မတူဘဲ ထူးခြားစွာ မှတ်နိုင်ခဲ့ပါတယ်။ အသားမှာ ဆူးစူးသလိုခံစားရတဲ့ ဝေဒနာ အပေါ်မှာ စဖြစ်တာရော တည်နေတာရော ပျက်သွားတာကိုပါ တစ် ဆက်တစပ်ထဲ မှတ်လို့ရနိုင်ခဲ့ ပါတယ်။ အခြား ခန္ဓာစက် ဖြစ်ပျက်များကိုတော့မတင် ပြတော့ပါ ဘူး။ အရင်လူများ ရေးသွားသော အကြောင်း အရာများနှင့် ကွဲပြားမှု ထူးခြားမှု သိပ်မရှိလို့ဖြစ် ပါတယ်။ ဝိပဿနာမှာ တရားရှာကိုယ်မှာတွေ့လို့ မြတ်စွာဘုရား ညွှန်ခဲ့သလို ခန္ဓာစက် ဖြစ်ပျက်မှု အသေးစိတ်ကိုသိရမှတော့ ဉာဏ်စဉ် စိတ်အစဉ်များတစ်ခုပြီးတစ်ခု တက်လှမ်းပြီး မဂ်ဆိုက်၊ ဖိုလ်ဝင်မယ်ဆိုတာကို ကြိုးစား အားထုတ်မှုသာ ရှိမယ်ဆိုရင် ၁၀၀% ရမည်လို့ တပည့်တော် ယုံကြည်ပါတယ်။

နောက်တစ်ခုတင်ပြပေးချင်တာကတော့ ကျောင်းခန်းထဲမှာ ပင့်ကူအိမ်နဲ့ ပိုးကောင်လေးကို ကြည်ပြီး သံဝေဂရခဲ့ပါတယ်။ လောကရဲ့ စည်းစိမ် ကာမဂုဏ်၊ ကိလေသာတွေကို ပင့်ကူအိမ်နဲ့ နှိုင်းယှဉ်ပါတယ်။ ကိုယ်ကတော့ အစားခံရမယ့် ပိုးကောင်လေးပေါ့။ သေမင်းကိုတော့ ပင်ကူကြီး နဲ့တင်စားချင်ပါတယ်။ ပိုးကောင်လေးဟာ ပင့်ကူအိမ်မှာငြိနေရင် ပင့်ကူကြီး၏ အစားခံရမှာကို သိနေလျက် ပင့်ကူအိမ်မှ လွတ်အောင် အားမထုတ်နိုင်ခဲ့လျှင်တော့ ပင့်ကူ အစားခံရပြီးသေပွဲ ဝင်ရမှာ မလွဲပါ။ မိမိတို့လည်း သားသမီး၊ ဇနီး၊ ခင်ပွန်း၊ စည်းစိမ် ဥစ္စာတွေကို သံယောဇဉ် မဖြတ် နိုင်ဘဲလောကီမှာပဲကျင်လည်နေထိုင်ရင်း အချိန်ကုန်မယ် ဆိုရင်တော့ ဘဝသံသရာကနေ လွတ် မြောက်မှာ မဟုတ်ပါဘူး။ ပင့်ကူအိမ်မှ လွတ်မြောက်ဘို့ ကြိုးစားနေတဲ့ ပိုးကောင်ကလေးကဲ့သို့ မိမိတို့လည်း ဘဝသံသရာမှ လွတ်မြောက်အောင် ကြိုးစားကြစေလိုပါတယ်။

မြတ်စွာဘုရား ၏သာသနာနှင့် တွေ့ကြုံပြီး လူ့ဘဝဖြစ်နေတဲ့အချိန်မှာ ဘဝသံသရာခရီးမှ အပြီးတိုင် လွတ်နိုင်အောင် အားထုတ်ဖို့ အရေးကြီးပါတယ်။ တရားနည်းလမ်းကောင်းများကို လက်တွေ့ သိမြင်နိုင်အောင် နေ့စဉ် သွန်သင်ပြသပေးလျက် ရှိသော အပြည်ပြည်ဆိုင်ရာ ဗောဓိအေးငြိမ်းရိပ်သာသို့ မိတ်ဆွေ များကြွရောက်တရားအားထုတ်နိုင်စေဖို့ ဖိတ်ခေါ်လိုပါ တယ်။

တပည့်တော်တို့တရားအားထုတ်နေစဉ် စားမှု၊ နေမှု၊ ထိုင်မှု အားလုံးကို မိဘသဖွယ် ဖြည့်ဆည်း
ဆောင်ရွက်စောင့်ရှောက်ပေးပါသော ဆရာတော် အရှင်ကေလာသ၊ ဝေယျာဝစ္စကုသိုလ်ရှင် ဆရာလေး ဒေါ်နန္ဒသိင်္ဂီနှင့် အဖွဲ့သားများ၏ စေတနာကို အမြဲ ကျေးဇူးတင်လေးစားလျက်ရှိ နေပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။

ဒေါ်ခင်ဆွေသန်း
အမှတ်(၁၀၄)( ၂)၊ ရတနာမြိုင်အိမ်ရာ
ရတနာမြိုင်လမ်း၊ ကမာရွတ်၊ ရန်ကုန်မြို့
22661 [email protected]

By waiyan

Leave a Reply

Your email address will not be published. Required fields are marked *