Spread the love

ပုတီးနှင့် သမထအတွေးများ ပုတီးစိတ်၊ အာနာပါန ကျင့် စတဲ့ သမာဓိအလုပ်၊ သမထအလုပ်ပိုင်း တွေ လုပ်တာ နဲ့ ပတ်သက် လို့ မျှဝေချင် တာပါ။ ကုသိုလ် ရတယ်၊ အန္တရာယ်ကင်းတယ်ဆိုရုံတင် မကဘဲ နေ့တဓူဝ ဘဝ မှာ အထောက် အပံ့ ဖြစ်အောင် လုပ်နိုင် ရင် ပိုကောင်း တယ် လို့ မြင်မိ ပါ တယ်..။ ဒီလိုကျင့်တော့ ကိုယ့်အတွက် ကံသုံးပါးမှာ ဘာတွေရော အကျိုးရှိလာမလဲ။ အထောက် အကူဖြစ်လာသလဲ ဆိုတာ တွေးမိစေချင်ပါတယ်။ကျွန်တော်သတိထားမိတာလေးတွေ မျှဝေချင် တာပါ၊ သမထ တရားဆိုပါတော့…။ အားထုတ်နေစဉ်အခါမှာ အာရုံက ပစ္စုပ္ပန် တည့်တည့် နေဘို့ ဘဲ ကြိုးစား ရတာ ပါ။ အဓိက အနှစ်သာရ ပြောရရင်တော့ ပစ္စုပ္ပန် တည့်တည့် တရားဆိုရမလား ဘဲ။ ပုတီးစိတ်၊ တရားထိုင်နေစဉ် အာရုံကတခြား ရောက်သွားတော့ ပြန့်လွင့် တယ်၊ ဒါလဲ ပစ္စုပ္ပန် တည့်တည့် ကနေ လွတ်သွား တာပါဘဲ၊ ဘေးက အသံတွေ ကြားနေရလို့ လုပ်လို့ မရဘူး အတွေး ပေါ်လာရင် လဲ ကိုယ့်စိတ်က အလုပ်မှာ အာရုံမကျဘဲ အဲဒီ အသံတွေပေါ် အာရုံရောက် နေလို့ ဘဲ တွေးလိုက်ပါတယ်…။

ကိုယ်အားထုတ်နေတဲ့ ဆိုင်ရာ အာရုံပေါ်မှာ ပစ္စုပ္ပန်တည့်တည့်ကျ မနေခြင်း ပါဘဲ။ စိတ်ကတချိန် မှာ တခုဘဲ သိနိုင်တာမို့ အခြားအာရုံကိုသိရင် ကမ္မဌာန်းအာရုံကို မသိလို့ဘဲ ယူဆ လိုက်ပါတယ်။ ပုတီးစိတ်တဲ့လူကလဲ မရောက်သေးတဲ့ ပုတီးလုံးသည် အနာဂါတ်ပါဘဲ။ စိတ်ပြီးသွားတဲ့ပုတီးလုံး သည် အတိတ်သဘောပါဘဲ။ လက်ရှိရောက်နေတဲ့ပုတီးလုံးသည် ပစ္စုပ္ပန်တည့်တည့်ပါဘဲ။ လက် ရှိပုတီးလုံးမှာဘဲ စိတ်ကိုနှစ်ပြီး ဆိုင်ရာ ဂုဏ်တော်ကို စူးစိုက်စွာပွားများနိုင်မှ သမာဓိတိုး တက်ဘို့ အထောက်အကူဖြစ်ပါတယ်။ ထွက်လေဝင်လေဆိုလဲ နှာသီးဖျားကို ရောက်မလာသေးတဲ့လေက အနာဂါတ် သဘော ပါ၊ ထွက်သွားတဲ့ လေက အတိတ် သဘောပါ၊ လောလောဆယ် ထိနေဆဲ အ ခိုက် လေက ပစ္စုပ္ပန် သ ဘော ပါ။ ပုတီး စိတ်တယ်၊ သမထ ထိုင် တယ် ဆို တာ သမာဓိ ကိုတည် ဆောက် ယူနေခြင်း ဖြစ်ပါ တယ်။ သုံးသပ် ကြည့်ပြန် တော့ တနေ့မှာ ၂၄ နာရီ ရှိတာမှာ နာရီဝက် တနာရီလောက် လုပ်ပြီး ကျန်တဲ့ နာရီတွေက ပုံမှန် လူ့ကိစ္စတွေလုပ်ပြီး အာရုံတွေ ပြန့်လွင့်နေကြ တာပါ၊ ဒီတော့..စဉ်းစား ကြည့်ရင် အိမ် တလုံးကို ဆောက်ကြ တယ် ဆိုပါစို့… ဆောက် ပြီး ဒီ အ တိုင်း ထားလို့ မရ ပါ..။ ပြုပြင် မွမ်း မံခြင်း၊ ထိန်းသိမ်း ခြင်း စတဲ့ ဆေးသုတ် ခြင်း၊ တံမြက်လှည်း ခြင်း စတဲ့ ထိန်းသိမ်းရေး အလုပ်တွေ ကို လုပ်ကြရ ပါတယ်..။

သမာဓိ အကျင့်ကို လုပ်ကြ တော့လဲ အလားတူပါဘဲ..။ သမာဓိတည်ဆောက်ခြင်းအလုပ်ကို လုပ် ပြီးရင် စောင့်ရှောက် ထိန်းသိမ်းခြင်းကို လုပ်သင့်ပါတယ်…။ ဒီတော့ ကျင့်သုံးသင့်တာက ‘ပစ္စုပ္ပန် တည့် တည့်တရား’ ကို သုံးသင့် ပါတယ်..။ ဒီလိုကျင့် သုံးရာမှာ.. တိုက်ရိုက် နည်း၊ သွယ်ဝိုက်နည်း (၂) နည်း ကျင့်သုံးနိုင်တယ်လို့ ပြောရမလားပါ။ တိုက်ရိုက်နည်းဆိုတာကတော့ ထွက်လေဝင်လေ နဲ့ သမာဓိ ကျင့်သူက ထွက်လေ ဝင်လေ ကို မပြတ် အာရုံစိုက် နေနိုင်ဘို့၊ ဂုဏ်တော် ပွားသူ ကလဲ ဂုဏ်တော်ကို သွားသွားလာလာ အမြဲ ပွားနေနိုင်ဘို့ သတိမူရမှာ ဖြစ် ပါတယ်။ သွယ်ဝိုက် နည်းဆို တာ ကတော့ စိတ်ကို ပစ္စုပ္ပန် တည့်တည့် ထားတဲ့ သဘော ကို ကျင့်သုံး ခြင်းကို ဆိုလိုတာ ဖြစ်ပါ တယ်….။ လမ်း.လျှောက်နေ ရင် လမ်း လျှောက်တဲ့ အထဲ မှာပဲ အာရုံ စိုက်ထား ပြီး တောင် တွေး မြောက်တွေး မတွေး ဘူးပေါ့၊ ထမင်းစားနေရင် စားနေ တဲ့အထဲမှာဘဲ ထားပြီး ထမင်းစားနေရင်း တောင်တောင်အီအီး စဉ်းစား နေတာတွေ မလုပ်တဲ့သဘောပေါ့။

စာဖတ် နေရင် စာဖတ်တဲ့ အထဲမှာ ဘဲ ထား၊ နားထောင် နေရင် နားထောင်တဲ့ အထဲမှာဘဲ (တရား ခွေ နားထောင် နေရင်း စိတ်ပြန့် လွင့်နေတာ တွေ ကြုံဖူး ကြမှာ ပါ) ထားနိုင်ဘို့ သတိ အကျင့် ကို ပျိုးထောင်ခြင်းပါဘဲ။ အဲဒီလို ထိုင်တဲ့အချိန်နဲ့ မထိုင်တဲ့အချိန်နှစ်ခုကို ပစ္စုပ္ပန်တည့်တည့် သဘော နဲ့ ချိတ်ဆက်ထား ပေးလိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီလို နေနိုင်ရင် တည်ငြိမ်မှုရဲ့ အကျိုး၊ အေးချမ်း မှုရဲ့ အကျိုးတွေကို သိလာ မှာပါ။ လောကီ စားဝတ် နေမှုတွေနဲ့ ကြား ထဲမှာ သတိနဲ့နေတဲ့ ပစ္စုပ္ပန် တည့်တည့် တရားကို ခံစားလို့ ရလာမှာပါ။ ပြောခဲ့တာတွေကို ချုပ်ကြည့်ရင်တော့ သတိတရားနဲ့ ပစ္စုပ္ပန်တည့်တည့်နေထိုင်ခြင်း သဘောတွေပါ။

(အားလုံးကျန်းမာ၊ ချမ်းသာကြပါစေ)

Gambira and Dhamma.

Nippon San(Facebook မှ ကူးယူ ဖော်ပြပါသည်။)

Leave a Reply

Your email address will not be published. Required fields are marked *