Spread the love

စည်းစိမ် ဥစ္စာတွေ အခြွေအရံတွေဆိုတာ ကံရဲ့ အကျိုးပေးတွေဗျ။ ကံတွေ မဟုတ်ဘူး။ကံဆိုတာ ကိုယ် အားထုတ် တဲ့ ဒါန သီလ ဘာ၀နာ တွေကို ခေါ်တာ……။ နတ်မောက် မြို့နယ် ဥယျဉ်တောင် ကျောင်းဆရာတော်… … …ငယ်ငယ်တုန်းက မိမိတို့နေတဲ့ ဘုန်းကြီးကျောင်း မှာ ကပ္ပိယကြီး နှစ် ယောက် ရှိတယ်။ ဦးဖိုးငယ် နဲ့ ဦးသာမှတ် တဲ့။ဦးဖိုးငယ်က မျက်စိ မမြင် တဲ့ ဒုက္ခိတကြီး။

ဦးသာမှတ် ကတော့ အသက် အရွယ် အလျောက် အိုမင်းတာက လွဲလို့ အားလုံး အင်္ဂါစုံလင်ပါ တယ်။ အသက်ကြီးလာတော့ ရွာထဲမှာ ဆူဆူ ညံညံ မနေလိုတာနဲ့ ဘုန်းကြီးကျောင်း မှာ ကပ္ပိယ အဖြစ်လာနေတာ။ သူက ရွာမှာ အချမ်းသာဆုံးဖြစ်တဲ့ ဦးသာမြတ်ရဲ့ အစ်ကိုအရင်းပါ။ဒါပေမယ့် ညီအစ်ကိုချင်း တယ်ပြီး သဘောထားမတိုက် ဆိုင်ကြဘူး။ မခေါ်မပြော ရယ်လို့တော့ မဟုတ်ပါ ဘူး။ စရိုက်ချင်း မတူညီကြတော့ ဖာသိဖာသာပဲ နေကြ တာပါ။သူတို့ ညီအစ်ကိုဟာ မိဘမျိုးရိုး ကတော့ မရှိ မရှား ဆိုတဲ့ အတန်းအစား ထဲက ပါပဲ။ နောက်တော့ ခေတ်ကာလ အလျောက် ရှာ တတ် ဖွေတတ် ကြံဖန်တတ်တဲ့ ဦးသာမြတ် က တစ်ရွာလုံးမှာ အချမ်းသာဆုံးဖြစ်သွားပြီး ဦးသာ မှတ် ကတော့ သာမန် အဆင့်ပဲ။ အိုလာတော့ လည်း သားသမီး တွေ သူ့အိုးသူ့အိမ် ခွဲသွားကြတာ အဘိုးကြီး အမယ်ကြီး နဲ့ မိတဆိုး မြေးကလေး တွေနဲ့ နည်းနည်းတော့ ကသီလင်တ ရှိတာ ပေါ့။ မြေးကလေး တွေ ရှင်လူထွက်ပြီး ဆောင်သူ လုပ်ကိုင်နိုင် ကြတော့ သူက အိမ်မှာ မနေတော့ ဘဲ ဘုန်းကြီးကျောင်းမှာ ကပ္ပိယလုပ်နေတာ။ကပ္ပိယကြီးနှစ်ယောက်မှာ မျက်စိမမြင်တဲ့ ဦးဖိုးငယ်က အသက်နည်းနည်း ငယ်တယ်။ (၇၀) ကျော်ကျော်လေးပေါ့။

သူက မျက်စိသာမမြင်တယ်။ကျောင်းဝိုင်းထဲမှာ ပေါင်းမြက်ရှင်း တဲ့အလုပ်ကျတော့ အတော်ကို သေသပ်တယ်။ လက်တစ်ဖက်ကိုင် တူရွှင်းပြား အရိုးတိုလေးနဲ့ မြက်တွေကို ထိုးထိုးပြီး လက်နဲ့ စမ်းစမ်း ပုံထား တာ။ အကွက်ကို စေ့လို့။ အကွက်ကျော်ပြီး ပေါင်းမြက်တွေ ကွက်ကြားကျန်ရစ် တယ်လို့ကို မရှိဘူး။ ထိုးပြီးသား မြက်ပင်တွေ ကိုလည်း လက်က လေးနဲ့ သဲ့သဲ့ပြီး သပ်သပ် ရပ် ရပ်ပုံထားတာ ညီနေတာပဲ။ အမှိုက်စွန့်တဲ့ အခါတော့ ကျောင်းသားကိုရင်တွေ စွန့်ပေး ကြတယ်။ အငယ်က တည်းက ဒီဘုန်းကြီး ကျောင်းမှာပဲ နေခဲ့တာ ဆိုတော့ ကျောင်းဝိုင်း တစ်ဝိုင်းလုံး ဘယ် နားမှာ ဘာရှိတယ်ဆိုတာ အကုန်မှတ်မိ နေတော့ အိမ်သာတို့ ရေချိုးကန်တို့ကိုလည်း ဘယ်သူမှ လိုက်ပို့စရာမလိုဘူး။ တောင်ဝှေးကလေးနဲ့ ထောက်စမ်းပြီး သူဟာသူ သွားတာပဲ။မနက် အရုဏ် တက်ခါနီး ကျောင်းသား ကိုရင် တွေဆို ကပ္ပိယကြီးတွေနိုးကြပြီး ကျောင်းသား ကိုရင်တွေ ဘုရား ၀တ်တက်ဖို့နဲ့ ရွာထဲကို ဆွမ်းချက်နိုးဖို့ ကုလားတက် တုံးခေါက် တာ၊ ရေနွေးကျိုတာ စတဲ့ ဗာဟိ ရ အလုပ်တွေကို ကပ္ပိယကြီး နှစ်ယောက်က လုပ်ကိုင်ပေးကြတာ ဆိုတော့ ကျောင်းသား ကိုရင် တွေကလည်း ကြည်ဖြူ စောင့်ရှောက် ကြတယ်။ လသာတဲ့ ညတွေမှာဆို ကပ္ပိယကြီးတွေနဲ့ ရှေး ဟောင်းနှောင်းဖြစ်တွေ ပုံပြင်တွေ ပြောပြ တာကို ဝိုင်းပြီးနားထောင်ကြ မေးမြန်းစပ်စု ကြနဲ့ တစ် ခါတလေ ဆရာတော် ညအိပ်ညဥ့်နေ အဝေးကြွတဲ့နေ့တွေဆို သန်းခေါင်လွဲအထိ မအိပ်ကြဘူး။

ကျောင်းမှာ အမြဲနေကြတော့ အလှူ အတန်း ကြွတဲ့ ဆရာတော်ကြီးများနဲ့ လည်း ရင်းနှီး ကျွမ်း၀င် ကြတယ်။ ဆရာတော်တွေ နောက်ပါ လာတတ်တဲ့ လှည်း မောင်း ကပ္ပိယတွေ နဲ့လည်း တရင်းတ နီး အ ကြောင်း သိ အပေါင်း အသင်း တွေလို ဖြစ်နေ ကြ တာပေါ့။ တစ်ခါ တော့ အလှူ တစ်ခု မှာ ဆရာတော် ကြီးတွေ အတော်စုံ တယ်။ နံနက်စော အရုဏ်……တက် ရေနွေး ကြမ်းဝိုင်း မှာ ဆရာ တော်ကြီး များနဲ့ ကပ္ပိယများ စကား စမြည် ပြောကြရင်း …ကံ,ကံံရဲ့ အကျိုးနဲ့ ပတ်သက်ပြီး ပြော ကြရာက အာဂန္တု လှည်းမောင်း ကပ္ပိယ ကြီး တစ်ဦးက ကံအကျိုးပေး ကွာခြား ပုံနဲ့ ပတ်သက်ပြီး ဦးသာမှတ်တို့ ညီအစ်ကိုကို နမူနာထိုး ပြတယ်။ ညီအစ် ကိုချင်း ဖြစ်ပေမယ့် ဦးသာမြတ်က အိုကံ ကောင်းပုံ ပစ္စည်းဥစ္စာ ပြည့်ပြည့်စုံစုံနဲ့ သိုက်သိုက် ၀န်း၀န်း နေထိုင်ရပုံဦးသာ မှတ်ကတော့ ကသိ လင်တနဲ့ ဘုန်းကြီး ကျောင်းမှာ ကပ္ပိယဖြစ် နေရပုံ တို့ကို နှိုင်းယှဉ် ပြန်ပြော နေပါတယ်။ အဲဒီ အ ချိန်မှာ ကျောင်းခံက ကပ္ပိယ တွေက တော့ သူ့ အလုပ် နဲ့သူ မအားလို့ စကား ဝိုင်းမှာ မပါနိုင် ကြ ဘူး။ကပ္ပိယကြီးရဲ့ စကားကို ကြားတော့ ရွာကျောင်း ဆရာတော်က …“ကပ္ပိယကြီး ရဲ့ ဘုန်းကြီး ပြောတာ ခဏနားထောင် ပြီးသေသေချာချာစဉ်းစားကြဦး။ ဘုန်းကြီးပြောပြ မယ်။ အခု ကပ္ပိယ တို့ ပြောနေတာ အိုကံကောင်းပုံကို ပြောနေတာနော်။ ကံကောင်းတာနဲ့ ကံရဲ့ အကျိုးကောင်းတာ ကွဲကွဲပြားပြားမဖြစ်ဘဲ လုံးထွေးနေတယ်။

ဘုန်းကြီးရဲ့ ကပ္ပိယကြီး ဦးသာမှတ် က အခုဆို ” မြန်မာ အို ကျောင်းကြို ကျောင်းကြား” ဆိုသလို ကျောင်းမှာ ကပ္ပိယလုပ်နေရတယ်။ သူ့့ညီ ဦးသာမြတ်က ရွာထဲမှာပဲ စည်းစိမ်ဥစ္စာအပြည့်အစုံနဲ့ နေရ တယ်။ ဒါကြောင့် ဦးသာမှတ် က အိုကံ မကောင်းဘူး။ ဦးသာမြတ် က အိုကံ ကောင်းတယ်” ပြောနေ ကြ တာ မဟုတ်လား။ အဲဒါ ကပ္ပိယ တို့က ကံနဲ့ကံရဲ့ အကျိုး မကွဲပြားဘဲ လုံးထွေးပြီး အ သိမှား ကြတာ။ စည်းစိမ်ဥစ္စာတို့ အခြွေအရံ တို့ဆိုတာ ကံတွေ မဟုတ်။ ကံရဲ့ အကျိုး တွေဗျ။ ကံ ဆိုတာ ကိုယ်အားထုတ်ထားတဲ့ ဒါန သီလ ဘာသနာ အလုပ်တွေကို ခေါ်တာ။ အဲဒါဆို ကွဲကွဲ ပြား ပြား သိပြီဆိုရင် ကပ္ပိယတို့ စဉ်းစား ကြည့်စမ်း။ဒကာကြီး ဦးသာမြတ် ကရွာထဲမှာ စည်းစိမ် ဥစ္စာ တွေ သားသမီး မြေးမြစ်တွေ နဲ့ သိုက်သိုက် ၀န်း၀န်း နေတာ မှန်တယ် ။ သူ့မှာ အတိုး အငှား ကိစ္စ တွေ ပင်ထောင်ပေးထား တဲ့ ကိစ္စတွေနဲ့ အသစ်ပေး ရတာရော အဟောင်း တောင်းရတာ စာရင်း မှတ်ရတာနဲ့ လုံးချာကို လိုက်လို့။ အခါကြီးရက်ကြီးတွေမှာတောင် ဥပုသ်သီတင်း မှန်မှန် မစောင့် နိုင်ရှာဘူး။ အိုးအိမ်ခွဲသွားတဲ့ သားသမီး တွေကို အမွေခွဲပေး တာ မသင့်မျှနိုင်လို့ ပူညံပူ ညံလည်း ခဏခဏ ဖြစ်ရသေး တယ်နော်။ ဒီကြားထဲ အတိုးအရင်း ပေးထားတဲ့ လူတွေနဲ့ တရား တပေါင် တွေ့ရတာလည်း ရှိသေးတယ်။အခုတောင် အပေါင်ခံထားတဲ့ ယာမြေတွေ ဟိုပိုင်ရှင်က လာရွေး တာ၊ အရွေးမခံလို့ဆိုပြီး တိုင်ကြ တောကြလို့ ကြီးတောင့်ကြီးမားနဲ့ မြိုံကို ရုံးချိန်းသွားနေရလို့ ရွာမှာ မကပ်နိုင်သေးဘူးတဲ့။

အဲဒါ ကပ္ပိယတို့ လည်း ကြားတယ်မဟုတ်လား။ဘုန်းကြီးကျောင်းမှာ ကပ္ပိယကြီး ဦးးသာမှတ်ကို ကြည့်လိုက်စမ်း။ မနက်စော အရုဏ်တက်လို့ နိုးပြီဆိုတာနဲ့ ဗုဒ္ဓဝေယျာ၀စ္စ သံဃာ့ဝေယျာ၀စ္စတွေ လုပ်လို့။နေ့ခင်း ကျောင်းသားကိုရင်တွေ စာသင်ချိန်မှာ သူတို့က သူတို့ဇရပ်မှာ တရား အားထုတ် လို့ ဘာစာရင်း မှလည်း မရှုပ်ဘူး။ ဘယ်သူနဲ့မှ လည်း တရား တပေါင်တွေ ရတာ မရှိဘူး ။ ရစရာ ကော ပေးစရာကော ဘာမျှ အထူးအထွေ မရှိလို့ လောဘ ဒေါသတွေလည်း ပွားစရာမရှိဘူး။ အဲ အတိတ်ကံရဲ့ အကျိုး အရ စည်းစိမ် ဥစ္စာတွေ မပိုင်ဆိုင် ကြပေမယ့် တကယ့် အိုကံ အစစ် ဖြစ်တဲ့ ဒါန သီလ ဘာ၀နာတွေ ကတော့ဖြင့် ညီအစ်ကို ချင်း ကွာချင်တိုင်း ကွာမနေ ပေဘူးလား။ ကဲစဉ်း စားကြည့် ကြစမ်း။ ဘယ်သူက အိုကံ ကောင်းသူ အစစ်လဲ။ ကပ္ပိယတို့ သေသေ ချာချာ စဉ်းစား ကြ။ မြတ်စွာဘုရား သာသနာ အတွင်းမှာ လူဖြစ်ကြ ရတုန်း ဘုရား တပည့်သား ပျော်နည်း ပျော် တတ် ရတယ်။ ငါးပျော် ပျော်မနေ ရဘူး။ ဒါကိုကော သဘော ပေါက်ကြ ရဲ့လား။ ဘုရား တပည့် သား ဆိုတာ တရားနဲ့ ပျော်ရတာ မျိုးနော်။ ဟိုရေ ကန်ထဲမှာ ငါးတွေ အကြောင်း သတိထား မိရဲ့ လား ။ ကန်ထဲမှာ ရေတွေ များနေ တုန်းတော့ တစ်ကောင် နဲ့ တစ်ကောင်၊ တစ်အုပ် နဲ့ တစ်အုပ် တယ်ပြီး မစုမိကြသေးဘူးနော်။

အဲ …ကန်မှာ ရေတွေနည်း လာပြီဆို တော့ ကျန်တဲ့ ရေကွက် ကျဉ်းကျဉ်းလေးထဲ မှာ ငါးတွေ စုမိ လာကြပြီး …အဲဒီ အချိန်မှ ဘဝ တူတွေ တိုးကြ လုကြ နဲ့ သူဘဝနဲ့ သူတော့ ပျော်နေ ကြတာ ပဲ မ ဟုတ်လား။ သူတို့က ငါးတွေမို့လို့ ဘာမျှ မစဉ်းစားတတ်ကြ ပေမယ့် လူတွေ အနေနဲ့သေချာ စဉ်း စားကြည့်စမ်း။ဒီလို စုဝေးမိကြတယ်ဆို တာရေခန်းချိန် ရောက်လာလို့ဗျ၊ မဟုတ်လား။ မကြာခင် ရေတွေ အကုန်ခမ်းသွားပြီဆိုရင် သူတို့ ဘာဖြစ်ကြမှာလဲ။ ဒါကို သူတို့ သတိပြုရမှန်းမသိပေမယ့် လူတွေက သတိပြုရမယ်။ကဲ… လူလောကမှာလည်း စဉ်းစားကြည့်။သားတွေ သမီးတွေသာမက မြေးတွေ မြစ်တွေ အထိ တစ်စု တစ်ဝေးကြီး ဖြစ်ချိန်ဆိုတာ ဘယ်လို အချိန် မျိုးမှာ ဖြစ်တာ လဲ။ ဘဝ ရေခန်း ချိန်ရောက် လို့ ဖြစ်တာ ဗျ။ ဒါကို သတိမထား ဘဲ ပျော်နေ ကြတုန်း ဆိုရင် ဘာပျော် နည်း ပျော်တာလဲ။ ရှင်းရှင်းပြောရရင် “လူပျော်လား၊ ငါးပျော်လား” ဆိုပြီး ဆရာတော်က စကား ကို ခဏရပ်လိုက် တော့ ကပ္ပိယကြီးတွေ ငြိမ်လို့။ခဏနေ တော့မှ ကပ္ပိယကြီး တစ်ဦးက “ ဆရာ တော်ကသာ ကြားကောင်း အောင် ငါးပျော်,ပျော်တယ်လို့ ဆိုပေမယ့် အမှန် ကတော့ ငါးဆို တာ တိရစ္ဆာန်ပဲဘုရား။ လက်စသတ်တော့ တပည့်တော်တို့တစ်တွေဟာ ကိုယ်တိုင် လည်း တိရစ္ဆာန် ပျော်နည်းနဲ့ ပျော်ချင် နေကြပြီး သူများတွေ တိရစ္ဆာန်ပျော် ပျော်နိုင်ကြတာကို အဟုတ်ကြီး မှတ် ပြီး အားကျမိနေကြတာကိုး ဘုရား” လို့ လျောက်ထားပါတယ်။

အေး… ပြုခဲ့တဲ့ ကံဟောင်း အထောက်အပံ ကောင်း လို့ စည်းစိမ် ဥစ္စာတွေ အခြွေအရံတွေ ဘယ် လောက်ပဲ ပေါများနေနေ အိုလာပြီ ဆိုမှ တော့ ခံစားနိုင်စွမ်းလည်း မရှိကြတော့ပါဘူး။ ဒါတွေကို အဟုတ် မှတ်ပြီး သာယာ စွဲလမ်းနေ ကြမယ်ဆို ရင်လည်း အိုကံ ဆိုးတွေ အဖြစ်နဲ့ နောက်ဆုံးမှာ “သေကံ ဆိုးတွေ” ဖြစ်ကြ ရမှာပဲ။ရှေးက မြန်မာကြီးတွေ နာနာ ကြည်းကြည်း ဆဲကြ တဲ့ စကား တစ်ခုမှာ …“သေခြင်း ဆိုး”ဆိုတာ ရှိတယ် မဟုတ်လား။ အဲဒါ ဒီလို လူမျိုး တွေကို ပြော တာပဲ။ အလောင်းတော်ကြီးတွေ အသက်အရွယ် ကြီးရင့် လာကြတဲ့အခါ ထီးနန်းစည်းစိမ်တွေကို စွန့်ပြီး တရားနဲ့ မွေ့လျော်ကြတယ်။ တောထွက်ကြ တယ်ဆိုတာ ကြားဖူးကြတယ် မဟုတ် လား။ လော ကစ ည်းစိမ်တွေ ထဲမှာ ဘုရင် စည်းစိမ်ထက် ဘယ်ဟာ သာနိုင်ဦးမှာလဲ။ဒါတွေကို သာယာနေရင် အိုကံဆိုးတွေ သေခြင်း ဆိုးတွေအဖြစ်နဲ့ နိဂုံးချုပ်ကြရမှာစိုးလို့။ဒါတွေကို စွန့်ပြီး အိုကံကောင်းသူ အစစ်ဖြစ် အောင် တရား နဲ့ မွေ့လျော် သွားကြ တာပေါ့”လို့ အကျယ် တ၀င့် မိန့် ကြားတော် မူပါ တယ်။

ခေါင်းရင်း ပိုင်းမှာထိုင်နေတဲ့ ဆရာတော်ကြီး တစ်ပါး ကလည်း …ကဲ ကပ္ပိယတို့ ဒီနေ့ စကား ဝိုင်း ကဖြင့် တို့တစ် တွေ သတိ မထားမိတဲ့ အချက် တွေကို အရေး တကြီး သတိပေး….. လိုက်တာပဲ။ ဥယျာဉ် ဆရာတော် ပြောတာ…… ….မှန်တယ်။” ပုဗ္ဗဏှသုတ်” မှာ မြတ်စွာ ဘုရား ဟောထား တဲ့ “သုနက္ခတ္တံ” စတဲ့ ဂါထာမှာ ဆိုထားတာ ရှိတယ်။ သုစရိုက်တရားများ အားထုတ် နေသူဟာ အမြဲ တမ်း နက္ခတ်(ဇာတာ စန်းလဂ်) ကောင်းနေသူ မင်္ဂလာအပေါင်း အမြဲတမ်း ခညောင်းနေသူ ဖြစ်ရုံ မျှမက အချိန်တိုင်း ခဏတိုင်း မကောင်း မရှိ…. အကောင်း အတိသာ ဖြစ်တယ်၊ သုစရိုက် ပွားပြီး တရားနဲ့ မွေ့လျော်သူမှန်သမျှ အိုကံ သာမကဘူး။ နာကံတွေ သေကံတွေ ဘ၀ကူးကံတွေ ကစပြီး နိဗ္ဗာန်ရ သည်အထိ ကံကောင်း ကြသူတွေ ဖြစ်မှာ မလွဲ ဘူး။ အဲ တို့ တစ်တွေ သာသနာ ကြုံတုန်း လူဖြစ် တုန်း မှာ… အိုခြင်း ဆိုး နားခြင်း ဆိုး သေခြင်း ဆိုးတွေ မဖြစ် ကြဘဲ တစ်သံသရာလုံး ကံ ကောင်းသူတွေ ဖြစ်အောင် ကြိုးစားကြဖို့သာ မမေ့မလျော့ကြနဲ့” လို့ …..မိန့်ကြား လိုက်တဲ့အခါ တစ်ကျောင်းလုံး သာဓုသံတွေ လွှမ်းသွားပါတော့တယ်။ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

Nippon San (Facebook စာမျက်နှာ ကူးယူ ဖော်ပြ ပါသည်။)

Leave a Reply

Your email address will not be published.